သည်းခြေကျောက်တည်စေမယ့် အပြုအမူတွေ
သည်းခြေကျောက်တည်တာ အခုနောက်ပိုင်းမှာ တော်တော်လေး ကြားလာရတဲ့ ကျန်းမာရေးအခြေအနေ တစ်ခုပေါ့။ သည်းခြေကျောက်တည်တာ်ဆိုတာက သည်းခြေအိတ်ထဲမှာ မာကျောတဲ့ အတုံးအခဲလေးတွေ ဖြစ်နေတာမျိုးပါ။ လူတိုင်းမဖြစ်ပေမယ့် အကြမ်းဖျင်း တွက်ချက်မှုအရတော့ လူအယောက် ၁၀၀ မှာ ၁၀ ဦး ကနေ ၁၅ ဦးလောက်အထိ ခံစားနေရပါတယ်။
အခုနောက်ပိုင်းမှာ တွေ့ရှိလာရတာက သည်းခြေကျောက်တည်တာက နေ့စဉ် နေထိုင်စားသောက်မှု ပုံစံနဲ့လည်း သက်ဆိုင်နေတယ် ဆိုတာပါ။ ဒီတော့ ဆင်ခြင်ချင်တယ်ဆိုရင် ဆင်ခြင်လို့ရအောင် ဘယ်လို အပြုအမူတွေက သည်းခြေကျောက်တည်စေတာလဲဆိုတာကို ဖတ်ကြည့်လိုက်တော့နော်။
သည်းခြေကျောက်တည်စေမယ့် အပြုအမူတွေ
ဒီအပြုအမူတွေက သည်းခြေကျောက်တည်စေနိုင်ပါတယ်။
ကိုယ်အလေးချိန် မထိန်းတာ
ကိုယ်အလေးချိန်ပုံမှန်ထက် ပိုနေတာ၊ အဝလွန်နေတာတွေက သည်းခြေ ကျောက်တည်စေဖို့ တွန်းအားပေးနေပါတယ်။ ဒါကြောင့် အဝလွန်နေမယ်၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေမယ်ဆိုရင် ကိုယ်အလေးချိန်ကို လျှော့ချပါလို့ တိုက်တွန်းလိုပါတယ်။
အချိန်တိုအတွင်း ကိုယ်အလေးချိန်ချတာ
အစားမစားဘဲ ကိုယ်အလေးချိန်ကို အချိန်တိုအတွင်း ကျအောင် ဖြည်းဖြည်းချင်း ချတာက ကျန်းမာရေးနဲ့ မညီညွတ်သလို သည်းခြေကျောက်တည်စေဖို့ အားပေးနေပါတယ်။ ရုတ်တရက် အစားလျှော့ပြီး ဝိတ်ပြင်းပြင်းထန်ထန် ချတာက သည်းခြေရည်ထဲမှာ ကိုလက်စထရော ပါဝင်မှု များစေပြီး သည်းခြေကျောက်တည်စေနိုင်ပါတယ်။ ဒါကြောင့် ဝိတ်ချမယ်ဆိုရင် ဖြည်းဖြည်းမှန်မှန်ပဲ ချလိုက်ပါ။
အသီးအနှံ မစားတာ
အသီးအနှံတွေ စားတာက သည်းခြေအိတ်ကို ကျန်းမာစေပြီး သည်းခြေကျောက် မတည်အောင် ကာကွယ်ပေးပါတယ်။ ဒါပေမယ့် နေ့စဉ် စားသုံးမှုမှာ အနီရောင်အသားတွေ၊ ဆီကြော်စာတွေ စားတာက သည်းခြေကျောက်တည်စေဖို့ အားပေးရာ ရောက်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အသီးအနှံတွေ ပါအောင် စားသုံးပေးပါ။
သကြား အစားများတာ
သကြား အစားများတာ၊ အချိုကဲတာတွေ စားတာကလည်း သည်းခြေကျောက်တည်စေဖို့ အားပေးနေတာပါပဲ။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အချိုကဲတာတွေ လျှော့စားပါ။ သကြားလျှော့စားပါ။
အဆီအစားများတာ
ဆီကြော်စာတွေ အစားများတာ၊ အဆီများတဲ့ ဒိုးနတ်၊ အာလူးချောင်းကြော်လိုမျိုး အစားအစာတွေကို အမြဲလိုလို စားသုံးတာကလည်း သည်းခြေအိတ်မှာ ကျောက်တည်စေနိုင်ပါတယ်။
သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်
ပေါင်မုန့်အဖြူ၊ သန့်စင်ထားတဲ့ အုတ်ဂျူံ စတာတွေကို စားသုံးတာကလည်း သည်းခြေကျောက်တည်စေဖို့ အားပေးရာရောက်ပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်း မလုပ်တာ
ကိုယ်လက်လှုပ်ရှားမှု မရှိတာ၊ အထိုင်များတာ၊ ပုံမှန် လေ့ကျင့်ခန်း မလုပ်တာတွေကလည်း သည်းခြေကျောက်တည်စေနိုင်တယ်ဆိုတာ သတိရပါ။
ရေသောက်နည်းတာ
ရေသောက်နည်းတာက သည်းခြေရည်ကို ပျစ်စေပြီး သည်းခြေကျောက်တည်စေနိုင်ပါတယ်။
ဘယ်အပြုအမူတွေက သည်းခြေကျောက်တည်လဲတော့ ပြောပြပြီးပြီ။ လိုက်နာကျင့်သုံးဖို့ကတော့ ပရိသတ်ကြီး တာဝန်နော်။
မွန်မွန်